ရေး ကျောက်မီးသွေးစက်ရုံ အပေါ် ပြည်နယ်အစိုးရ ရပ်တည်ချက် လာမည့် လွှတ်တော်တွင် မေးမည်

0
875

မွန်ပြည်နယ် တောင်ပိုင်း ရေးမြို့နယ် အံဒင် ကျေးရွာအနီးတွင် Toyo – Thai ကုမ္ပဏီက တည်ဆောက်မည့် လျှပ်စစ်ဓာတ်အားပေး ကျောက်မီးသွေး စက်ရုံ အပေါ် ပြည်နယ်အစိုးရ၏ ရပ်တည်ချက်ကို လာမည့် မွန်ပြည်နယ် လွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေးတွင် မေးမြန်းမည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦအောင်နိုင်ဦးက ပြောသည်။

ပြည်နယ် အစိုးရ၏ တိကျပြတ်သားသည့် သဘောထားကို သိရှိနိုင်ရန်အတွက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ နောက်ဆုံးအပတ်တွင် ကျင်းပမည် လွှတ်တော်အစည်းအဝေးတွင် မေးမြန်း ဆွေးနွေးခြင်းဖြစ်သည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။

“ကျောက်မီးသွေးကိစ္စက ဒေသခံတွေကလည်း ကန့်ကွက်နေကြတယ်၊ ကုမ္ပဏီဘက်ကလည်း သူတို့လုပ်ဆောင်မှုတွေ လုပ်ဆောင်လာနေတယ်၊ ဒီအခြေအနေမှာ အစိုးရဘက်က ပြတ်ပြတ်သားသား ထုတ်ပြန်ထားတာမျိုး မရှိဘူး” ဟု ၎င်းက ပြောသည်။

Toyo-Thai ကုမ္ပဏီ၏ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို ဒေသခံလူထုတို့  ကန့်ကွက်နေကြသော်လည်း ကုမ္ပဏီဘက်က စီမံကိန်းအကောင်အထည်ဖော်နိုင်ရန် မွန်ပြည်နယ်လွှတ်တော်၊ ရေးဒေသအုပ်ချုပ်ရေး၊ မြို့ကော်မတီများ၊  ဒေသခံလူထုများနှင့် ဇန်နဝါရီလအတွင်း၌ တွေ့ဆုံရှင်းလင်းပွဲများ လုပ်ဆောင်လျက်ရှိသည်။

စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံလူထုတို့က စိုးရိမ်စိတ်ဖြစ်ပေါ်မှုရှိနေပြီး ကုမ္ပဏီဘက်ကလည်း ယင်းစီမံကိန်းကို နိုင်ငံတကာစံနှုန်းစံထားအတိုင်းအတိုင်းသာ တည်ဆောက်သွားမည်ဟု စီမံကိန်းတာဝန်ခံ ဒေါ်နီနီစံက ပြောသည်။

စီမံကိန်းကို သဘောမတူဟုဆိုပြီး ရေးမြို့နယ် အနောက်တောင်ပိုင်းမှ ဒေသခံများ ၄င်းတို့၏ ကန့်ကွက်လက်မှတ် ၃၅၀၀ ကျော်ကို ပြည်နယ်အစိုးရနဲ့ လွှတ်တော်သို့ ပေးပို့ထားပြီး စီမံကိန်း အဓိကတည်ဆောက်မည့် ဖာလိန်ဒေသခံတွေကလည်း ကန့်ကွက်လက်မှတ်များ ကောက်ခံလျက်ရှိကာ ပြည်နယ်အစိုးရနှင့် လွှတ်တော်ကို တင်ပြသွားရန် ရှိသည်။

ထို့အတူ အံဒင်ကျေးရွာသူ/ရွားသား ၂၀၃ ဦးပါ သဘောတူထောက်ခံကြောင်း လက်မှတ်ထိုးထားသည့် စာကိုလည်း မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်နယ်လွှတ်တော်ထံ တင်ပြထားမှုလည်း ရှိနေသည်။

လူထုနှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်စေနိုင်သည့် ကျောက်မီးသွေးစက်ရုံကို ၄င်းတို့ဒေသ၌ ဆောက်ခွင့်ပေးမည် မဟုတ်ဘဲ  ဆက်လက်ကန့်ကွက်သွားမည်ဟု ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ပြောသည်။

၁၂၈၀ မဂ္ဂါဝပ်ရှိ ယင်းစီမံကိန်းသည် Ultra Super Critical နည်းပညာသုံး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၂၇၀၀ အကုန်ကျခံတည်ဆောက်မည်ဖြစ်ကာ BOT စနစ်ဖြင့် အနှစ် ၃၀
စီမံကိန်း လုပ်ရန် လျာထားသည်ဟု စီမံကိန်းအစီရင်ခံစာတွင် ဖော်ပြထားသည်။