အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ထားဝယ် တက္ကသိုလ်ဝင်းအတွင်း ထိုင်သပိတ် စတင်

0
662

အမျိုးသားပညာရေး ဥပဒေပြင်ဆင်နိုင်ရန်အတွက် ရာဇသံ ရက်ခြောက်ဆယ်ကျော် သပိတ်တိုက်ပွဲ ပထမနေ့ကို ထားဝယ် တက္ကသိုလ်ဝင်းအတွင်းရှိ ရွှေဝယ်သီရိလမ်းမ (ကန့်ကော်ပင်တန်း) တွင် ကျောင်းသားတစ်ရာကျော်က ထိုင်သပိတ် စတင်လျက် ရှိသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များမှ ကျောင်းသားများစုပေါင်း၍ ဇန်န၀ါရီလ ၂၀ ရက်နေ့နံနက်တွင် ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း စုဝေးခဲ့ကြပြီး နံနက် ၈ နာရီ ၁၅ ခန့်တွင် ဘုရားမှ စတင်ထွက်ခွာကာ ဥတံတ္တားကြီးလမ်းဆုံ၊ ယင်းမှ မြိတ်တန်းလမ်းဆုံ၊ ကမြောကင်းလမ်းအတိုင်း ထားဝယ်တက္ကသိုလ်သို့ ချီတက်ခဲ့ကြပြီး ထားဝယ်တက္ကသိုလ်တွင် ထိုင်သပိတ်ဆင်နွှဲနေခြင်း ဖြစ်သည်။

“ကျောင်းထဲမှာ ရှိတဲ့ ကျောင်းသားတွေ စိတ်တက်ကြွလာအောင် ဒီနေ့ ထိုင်သပိတ်နဲ့ စလိုက်တာပါ” ဟု ဒီမိုကရေစီပညာရေးလှုပ်ရှားမှု အမှုဆောင်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောသည်။

ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရားဝင်းအတွင်းမှ ထားဝယ်တက္ကသိုလ်တို့ချီတက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးနှင့် ဥပဒေအရာရှိ တစ်ဦးတို့က ဆန္ဒထုတ်ဖော်ခွင့်တင်ပြီးမှ ပြုလုပ်ကြရန် ပြောဆိုမှုများ ရှိခဲ့သော်လည်း ကျောင်းသားများက လက်မခံဘဲ ဆက်လက် ချီတက်ခဲ့ကြသည်။

“ရာဇသံရက် ခြောက်ဆယ်ကျော်လို့ သပိတ်တိုက်ပွဲဆင်နွှဲနေတာဖြစ်တဲ့အတွက် ဆန္ဒထုတ်ဖော်ခွင့် မတင်တာ” ဟု ကိုမင်းလွင်ဦးက ပြောသည်။

ထားဝယ်တက္ကသိုလ်ကျောင်းဝင်းအတွင်း ကျောင်းဆင်းချိန်အထိ ထိုင်သပိတ်ဆင်နွှဲမည်ဖြစ်ပြီး နောက်ရက်များတွင် ထားဝယ်ကွန်ပျူတာတက္ကသိုလ်၊ ထားဝယ်နည်းပညာတက္ကသိုလ်၊ ထားဝယ်ပညာရေးကောလိပ်နှင့် သူနာပြုသင်တန်းကျောင်း တို့ကို သွားရောက်ကာ ထိုင်သပိတ်ဆင်နွှဲမည်ဖြစ်ကြောင်း ကိုမင်းလွင်ဦးက ပြောသည်။

သပိတ်မှောက်ကျောင်းသားများက ကျောင်းသားပြည်သူကို အခြေမခံသော အမျိုးသားပညာရေးဥပဒေ အလိုမရှိ၊ ဒီမိုကရေစီပညာရေး…ဒို့အရေး၊ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး…ဒို့အရေး၊ သပိတ်…သပိတ် မှောက်…မှောက်၊ အရေးတော်ပုံ…အောင်ရမည် စသဖြင့် ကြွေးကြော်ခဲ့ကြသည်။

“လမ်းပေါ်မှာ ပြတာကို ဘာမှ မပြောလိုပါဘူး။ စာသင်နေတာ အနှောက်အယှက်ဖြစ်ရင်တော့ ဘာကိုပဲဖြစ်ဖြစ် သဘောမကျဘူး” ထားဝယ်တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာ ဘဟန်က ပြောသည်။

၎င်းအပြင် ထားဝယ်တက္ကသိုလ်ဝင်းအတွင်းရှိ ပင်မဆောင်နှင့် စာသင်ဆောင်များသို့ သွားရောက်ကာ ကျောင်းသားများကို စည်းရုံးခြင်း၊ ကြွေးကြော်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြရာ ကျောင်းသားအချို့က အဆောင်အတွင်း ၀င်ခွင့်မပြုသဖြင့်  ထပ်တိုက် တွေ့မှုတချို့ ရှိခဲ့သည်။

“ကျောင်းသားတွေက ကျောင်းသားအခွင့်အရေးကို မသိကြသေးဘူး” ဟု ကိုမင်းလွင်ဦးက ဝေဖန်သည်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးရေး သပိတ်မှောက်ရန် မန္တလေးတိုင်းမှ ကျောင်းသားများ ရန်ကုန်သို့ ယနေ့ စတင်ထွက်ခွာ နေပြီဖြစ်ပြီး ၎င်းတို့ ရန်ကုန်ရောက်သည့်အချိန်တွင် တနင်္သာရီတိုင်းမှ ကျောင်းသားများက သွားရောက်ပူးပေါင်းကာ သပိတ်တိုက်ပွဲကို ဆင်နွှဲသွားမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

မန္တလေးမှ ကျောင်းသားများ ရန်ကုန်မရောက်ခင်အချိန်အထိ ထားဝယ်မြို့တွင် သပိတ်တိုက်ပွဲဆင်နွှဲရန်အတွက် ထားဝယ်မြို့၊ အရိုးဆေးကန်ဘုန်းကြီးကျောင်းတွင် သပိတ်စခန်းကို ယနေ့မှ စတင်ဖွင့်လှစ်ထားကြောင်း ယင်းသမဂ္ဂထံမှ သိရသည်။