ကျွန်းစုဓါးပြတိုက်မှု တစ်ပတ်ကြာသည့်အထိ မထူးခြားသေး

0
844

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကဘင်းကျေးရွာအုပ်စု ထုံးဖိုတောင်ရွာရှိ နေအိမ်တစ်ဆောင်ကို ဇန်နဝါရီလ ၁၁ ရက် ညပိုင်းတွင် အမျိုးသား သုံးဦးက ဓါးပြဝင်တိုက်မှုနှင့် ပတ်သတ်ပြီး တစ်ပတ်ကြာသည့်အထိ တရားခံများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ကျွန်းစုမြို့နယ် ကံမော်ရဲစခန်းမှ သိရသည်။

ထုံးဖိုတောင်ရွာရှိ ဦးတော့၏ နေအိမ်ကို ဇန်န၀ါရီလ ၁၁ ရက် ညပိုင်းက တူးမီးသေနတ်နှင့် ဓားတစ်ချောင်း ကိုင်ဆောင်ထားပြီး မျက်နှာဖုံးစွပ်ထားသူ အမျိုးသား သုံးဦးက ဓားပြ၀င်တိုက်သွားခြင်း ဖြစ်သည်။

“ဓားပြတွေကို ဖမ်းမိဖို့အတွက် အမြန်ဆုံး ဆောင်ရွက်နေပါတယ်။ လက်ရှိအချိန်အထိတော့ မမိသေးဘူး”  ဟု ကံမော်ရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အဆိုပါ ဓားပြများသည် စက်လှေငယ်ဖြင့် ရောက်ရှိလာပြီး နေအိမ်တံခါးကိုဖွင့်ခိုင်း ဦးတော့ကို ကြိုးဖြင့် ချည်နှောင်ကာ
ဇနီးဖြစ်သူကို ဓါးရှည်ဖြင့်ထောက်၍ ဖုန်းဆင်းကတ်နှစ်ခုနှင့် ဟမ်းဆက်နှစ်လုံး၊ ရွှေထည်ပစ္စည်း ၁၀ ကျပ်သားနှင့် ငွေသား သိန်း၂၀ စုစုပေါင်းကျပ် ၇၅ သိန်းတန်းဖိုးခန့် ဓါးပြတိုက်သွားသည်ဟု အထက်ပါ ရဲစခန်းမှ သိရသည်။

ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ဓားပြမှုကျူးလွန်သူများအား ကံမော်ရဲစခန်းမှ (ပ) ၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၉၄အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားသည်ဟု ကံမော်ရဲစခန်းမှ သိရသည်။