တစ်ယူနစ် ကျပ် ၃၀၀ အောက်တန် လျှပ်စစ်မီး ဖေဖော်ဝါရီ လကုန်ရမည်ဟု တနင်္သာရီတိုင်း ၀န်ကြီးချုပ် ခန့်မှန်းပြောဆို

0
1077

ကနဦးက ဒီဇင်ဘာလတွင် ရရှိမည်ဟု ဆိုထားသည့် တစ်ယူနစ် ကျပ် ၃၀၀ အောက်ဖြင့် ပေးမည့် လျှပ်စစ်မီးမှာ လာမည့် ဖေဖော်ဝါရီလကုန်တွင် စတင်ရရှိမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုက ခန့်မှန်းပြောကြားသည်။

တာဘိုင်စက်ခြောက်လုံးမှာ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ရနောင်းသို့ ရောက်ရှိမည်ဖြစ်ပြီး ဖေဖော်ဝါရီ ပထမအပတ်အတွင်း စက်ထိုင်မည့် နေရာသို့ ရောက်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ဆိုသည်။

“စက်ထိုင်ပြီးတာနဲ့ အနီးဆုံးဖြစ်တဲ့ ကံပေါက် ကလိန်အောင်၊ ထားဝယ် မီးအရင်ဆုံးရမယ်၊ မီးလိုင်းတွေ ပြန်စစ်တာနဲ့ ဘာနဲ့ဆိုတော့ ဖေဖော်ဝါရီ လကုန်လောက်လို့ မှန်းတယ်”ဟု ဦးမြတ်ကိုက ပြောသည်။

ထို့အပြင် တစ်ယူနစ် ၃၅  ကျပ် ဖြင့် လျှပ်စစ်မီးရရှိရေး မဟာဓာတ်အားလိုင်း သွယ်တန်းရန် ယခုနှစ်အတွင်း ကျင်းပမည့် လွှတ်တော်တွင် တင်သွင်းသွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရပါက ၂၀၁၅ – ၁၆ ဘဏ္ဍာရေးနှစ်တွင် ထားဝယ်တွင် မဟာဓာတ်အားလိုင်းဖြင့် မီးရနိုင်ကြောင်း ၀န်ကြီးချုပ်က ပြောသည်။

“ရသင့်ရထိုက်တာကို တောင်းတာဖြစ်တဲ့အတွက် လွှတ်တော်ကလည်း ခွင့်ပြုနိုင်ခြေရှိတယ်”ဟု ၎င်းက ဆိုသည်။

“မြိတ်နဲ့ ကော့သောင်းကို မဟာဓာတ်အားလိုင်းရောက်ဖို့ကိုလည်း နောက်နှစ်တွေမှာ ထပ်ကြိုးစားသွားမယ်”ဟု သူက ဆက်ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရထံသို့ တနင်္သာရီ သယံဇာတ အကျိုးခံစားခွင့်ရရှိရေး ကော်မတီ (ထားဝယ်)မှ ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် စာပို့တောင်းဆိုထားသည်။

ယင်းစာနှင့် ပတ်သက်၍ ယခုနေပြည်တော်သို့ ရောက်နေသော ၀န်ကြီးချုပ်က မသိရှိရသေးကြောင်း ပြောဆိုသည်။

“တွေ့ဆုံဆွေးနွေးဖို့ စာပို့ထားတဲ့ကိစ္စ မသိဘူး၊ စာမပို့ဘဲနဲ့လည်း လာဆွေးနွေးလို့ ရပါတယ်”ဟု ၎င်းက ပြောသည်။

တွေ့ဆုံဆွေးနွေးရန် စာကို ဇန်န၀ါရီလ ၁၉ ရက်နေ့ နောက်ဆုံးထားအကြောင်း ပြန်ပေးရန် ကော်မတီက ရက်ချိန်းပေးထားသည်။

“ဘယ်လို ပူးပေါင်းကြမလဲဆိုတာကတော့ တိုင်းအစိုးရက ဘယ်လို ပူးပေါင်းမလဲဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်၊ သူတို့ဘက်က ပြည်သူတွေအနေနဲ့ လုပ်ပေးနိုင်တာကို ပြောပြရင် ကော်မတီအနေနဲ့ တတ်နိုင်သလောက် လုပ်ပေးမယ်”ဟု တနင်္သာရီ သယံဇာတ အကျိုးခံစားခွင့် ရရှိရေး ကော်မတီ (ထားဝယ်) အဖွဲ့ဝင် ဦးဇော်သူရက ပြောသည်။

ဂက်စ်တာဘိုင်ဖြင့် လည်ပတ်မည့် အစီအစဉ်အတွက် အဆောက်အအုံ အားလုံးပြီးပါက နှစ်လ၀န်းကျင်ဖြင့် ပြီးစီးနိုင်ပြီး ထိုသို့မဟုတ်ပါက ပိုကြာနိုင်ကြောင်း တိုင်းအတွင်း လျှပ်စစ်ဓာတ်အားရရှိရေး လေ့လာသုံးသပ်သူ တစ်ဦးက ဆိုသည်။

သို့သော် မဟာဓာတ်အားလိုင်းမှ မီးရရှိရန်မှာ တစ်နှစ်အတွင်းပြီးနိုင်မည်ဟု မထင်ဘဲ လမ်းအူကြောင်းဖောက်၊ တောရှင်းသည့် အဆင့်တွင်ပင် ခြောက်လခန့် ကြာနိုင်ကြောင်း ၎င်းက ဆိုသည်။

“ရခိုင်ပြည်နယ်မှာတုန်းက မိုင် ၂၀၀ ကျော် ကို နှစ်ဘက်ညှပ်ပြီး လုပ်တာတောင် ၂ နှစ်ကျော်ကြတယ်။ ထားဝယ်နဲ့ မော်လမြိုင်လည်း မိုင် ၂၀၀ ၀န်းကျင်ရှိတဲ့အတွက် နှစ်ဘက်ညှပ်ပြီး လုပ်ရင်တောင် ၂ နှစ်လောက်တော့ ကြာနိုင်တယ်”ဟု ၎င်းက ထောက်ပြသည်။

ပိုဈေးသက်သာသည့် လျှပ်စစ်မီးရရှိရေး ကြန့်ကြာနေသည့်အတွက် ထားဝယ်မြို့တွင် ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ဆန္ဒပြရန် စီစဉ်လျက်ရှိသည်။