မွန်တွင် ပအို့ဝ်အမျိုးသားနှီးနှောဖလှယ်ပွဲ ပထမဆုံးအကြိမ် ကျင်းပမည်

0
832

ပအို့ဝ်တိုင်းရင်းသားတို့၏ ပထမဆုံးအကြိမ် နှီးနှောဖလှယ်ပွဲကို မွန်ပြည်နယ်၌ ပအို့ဝ်တိုင်းရင်းသား အများဆုံးနေထိုင်ရာ သထုံမြို့တွင် ကျင်းပသွားမည်ဟု မွန်ပြည်နယ် ပအို့စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ  ဦးခွန်ရွှေသင်းထံမှ သိရသည်။

မြန်မာနိုင်ငံဒေသအနှံ့တွင် နေထိုင်နေကြသည့် ပအို့ဝ်တိုင်းရင်းသားများ စုံညီစွာတွေ့ဆုံကြပြီး ချစ်ခင်ရင်းနှီးမှု စည်းလုံးညီညွတ်မှုရရှိစေရန် အဓိကရည်ရွယ်ချက်ဖြင့် နှီးနှောဖလှယ်ပွဲကို ကျင်းပခြင်းဖြစ်သည်ဟု အထက်ပါ ဥက္ကဋ္ဌက ပြောသည်။

“နောက်ပြီးတော့ ကျွန်တော်တို့ အမျိုးသားတွေအတွက် လိုအပ်တဲ့ အခြေခံမူ အခြေခံလိုအပ်ချက်တွေ လိုလားချက်တွေ ဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက်တွေ ချထားချင်တယ်” ဟု ဦးခွန်ရွှေသင်းက ဆိုသည်။

ထို့အပြင် ပအို့ဝ်စာပေနှင့် ယဉ်ကျေးမှု ထုံးတမ်းအစဉ်လာတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးနှင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကိစ္စများတွင် အခြားသောတိုင်းရင်းသားတို့နှင့် တန်းတူ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရရှိရေးတို့ကိုလည်း ဆွေးနွေးမည်ဟု သိရသည်။

နှီးနှောဖလှယ်ပွဲကို သထုံမြို့ မြို့တော်ခန်းမနေရာတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့ထိ ၄ ရက် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံဒေသအနှံ့ရှိ ပအို့ဝ်တိုင်းရင်းသားအပြင် ဖိတ်ကြားထားသူ ၅၀၀ ခန့် တက်ရောက်ရန် စီစဉ်ထားကြောင်း နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

မွန်ပြည်နယ်တွင် မွန်၊ ကရင်၊ ပအို့ဝ်နှင့် မြန်မာတိုင်းရင်းသားတို့ အများဆုံးနေထိုင်ကြပြီး ပအို့ဝ်တိုင်းရင်းသား တစ်သိန်းခန့် နေထိုင်ကြသည်ဟု မွန်ပြည်နယ် ပအို့စာပေနှင့် ယဉ်ကျေးမှုကော်မတီထံမှ သိရသည်။