မွန်ပြည်နယ်တွင် အူရီဒူးလာသော်လည်း MPT ရောင်းအားကောင်းဆဲ

0
892

မွန်ပြည်နယ်တွင် အူရီဒူး ဖုန်းကတ်များ အသုံးပြုနိုင်ပြီဖြစ်သော်လည်း MPT ဖုန်းကတ်များ ရောင်းအားကောင်းနေဆဲဖြစ်ကြောင်း မော်လမြိုင်မြို့ရှိ ဖုန်းကတ်အရောင်းဆိုင်ပိုင်ရှင်တို့က ပြောသည်။

မွန်ပြည်နယ် မြို့နယ်အချို့တို့တွင် အူရီဒူး ဖုန်းကတ်များကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလခန့်က စတင်အသုံးပြုနိုင်ခဲ့ပြီး ဇန်နဝါရီလ ၇ ရက်နေ့မှစကာ မွန်ပြည်နယ် မြို့နယ် ၆ မြို့နယ်တို့တွင် အူရီဒူး ကို ဆက်သွယ်အသုံးပြုနိုင်သည်ဟု ထုတ်ပြန်ထားသည်။

“အူရီဒူး ရသွားလဲ MPT ရဲ့ ရောင်းအားက မကျဘူး။ အခုဆို MPT က အင်တာနက် ဖရီးချိတ်လို့ရတော့ ပိုရောင်းရတယ်” ဟု မော်လမြိုင်မြို့ရှိ RED DRAGON မိုဘိုလ်ဖုန်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မော်လမြိုင်တွင် အူရီဒူးကတ်ကို ကျပ် ၁၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေချိန်တွင် MPT ကတ်ပေါက်ဈေးသည် ကျပ် ၆၀၀၀ ဝန်းကျင်ထိ ရှိနေသည်ဟု ဖုန်းကဒ်အရောင်းဆိုင်တို့ထံမှ သိရှိရသည်။

“အော်ရီဒူးကတ်က နယ်တွေဘက်မှာ သုံးလို့ အဆင်မပြေသေးဘူးလေ။ တချို့နေရာမှာဆို ဆက်သွယ်လို့မှမရတာ။ မြို့ပေါ်လောက်မှာတော့ ကောင်းနေတာပေါ။၊ အဲကြောင့်မို့လဲ လူတွေက MPT ကိုပဲ အသုံးများနေတာ” ဟု မြို့ခံတစ်ဦးက ပြောသည်။

အူရီဒူး ကတ်ကို မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်အနက် ကျိုက်ထို၊ ဘီးလင်၊ သထုံ၊ ပေါင်၊ မော်လမြိုင်နှင့် မုဒုံမြို့နယ်တို့တွင် အသုံးပြုနိုင်ပြီး ၂၀၁၅ ခုနှစ်အကုန်အတွင်း၌ မွန်ပြည်နယ်တွင် အူရီဒူးကတ် ၈၀ ရာခိုင်နှုန်းထိ အသုံးပြုနိုင်ရန် ဆောင်ရွက်နေသည်ဟု အူရီဒူး မြန်မာ၏ ပြည်သူ့ဆက်ဆံရေးမန်နေဂျာ ဒေါ်သိရိကြာညိုက ပြောသည်။

“လိုင်းလဲ ဒီထက်ကောင်းအောင် ကျွန်မတို့ ဆောင်ရွက်ပေးနေပါတယ်။ ဆက်သွယ်ရေးတိုင်အတွက် မြေနေရာ အခက်ခဲတွေရှိနေလို့ ကျန်တဲ့မြို့တွေ မရသေးတာပါ” ဟု ၄င်းက ပြောသည်။

Ooredoo မြန်မာသည် မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ် သြဂုတ်လခန့် စတင်မိတ်ဆက်ခဲ့ကာ ယခုအချိန်တွင် အရောင်းကိုယ်စားလှယ်ပေါင်း နှစ်သောင်းကျော် ရှိနေပြီး သုံးစွဲသူ ၃၀ ရာခိုင်နှုန်းရှိပြီ ဖြစ်သည်ဟု Ooredoo မြန်မာ၏ မွန်ပြည်နယ် မိတ်ဆက်ပွဲတွင် ပြောဆိုခဲ့သည်။