မြို့ရေပေးစီမံကိန်းကို ထိခိုက်နိုင်သဖြင့် ခနောက်စိမ်းသန့်စင်စက်ရုံ မွန်ပြည်နယ်အစိုးရ ဆောက်ခွင့်မပြု

0
753

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၏ မြို့ရေပေးဝေရေးစီမံကိန်းကို ထိခိုက်စေနိုင်သည့် ခနောက်စိမ်းသန့်စင်စက်ရုံများကို မော်လမြိုင်စက်မှုဇုန်တွင် ဆောက်လုပ်ခွင့်ပေးမည်မဟုတ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ထားသည်ဟု မွန်ပြည်နယ် သစ်တောနှင့်သတ္တုဝန်ကြီးဌာနမှ သိရသည်။

မော်လမြိုင်မြို့ ရေပေးစီမံကိန်းသည် စက်မှုဇုန်၏ အောက်ဘက်တွင် တည်ရှိနေသည့်အတွက် ၄င်းစက်ရုံမှ စွန့်ပစ်ပစ္စည်းများ မြစ်ရေအတွင်းသို့ စီးဝင်နိုင်ပြီး ထိုမြစ်ရေကို အသုံးပြုနေသည့် မြို့နေလူထုတွေကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု စိုးရိမ်ပြီး စက်ရုံဆောက်ခွင့် မပြုခြင်းဖြစ်သည်။

“စက်မှုဇုန်မှာတော့ ခနောက်စိမ်းသန့်စင်စက်ရုံနဲ့ ပတ်သက်ပြီး ထူထောင်လုပ်ကိုင်ခွင့်ကို  အများပြည်သူပေါ့နော် စည်ပင်မြို့ရေပေးစီမံကိန်းရှိတယ်။ ကျွန်တော် တို့က ဒါကို မထိခိုက်စေချင်တဲ့အတွက် အဲဒီစက်မှုဇုန်မှာ ခနောက်စိမ်းသန့်စင်စက်ရုံဆောက်ဖို့ ခွင့်မပြုဘူး။ ကက်ဘိနက် (အစိုးရ အဖွဲ့) မှာ မူအရပေါ့နော် အဲဒီအတွက်ကိုစိုးရိမ်တဲ့အတွက်” ဟု မွန်ပြည်နယ် သစ်တောနှင့်သတ္တုဝန်ကြီး ဦးဝင်းမော်ဦးက ပြောသည်။

ယင်းအပြင် မြို့ရေပေးဝေရေးစီမံကိန်းကို ထိခိုက်စေနိုင်သည့် စက်မှုဇုန်ရှိ အခြားသော စက်ရုံများကိုလည်း သေချာစိစစ်သွားမည်ဖြစ်ပြီး ၄င်းတို့၏ စွန့်ပစ်ပစ္စည်းများသည် မြစ်ရေအတွင်းသို့ ရောက်ရှိမှု ရှိ၊ မရှိကိုလည်း ဂရုစိုက် လုပ်ဆောင်သွားရမည်ဟု ၄င်းက ပြောသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာကလည်း ကောင်းကင်ကြယ်ခြောက်ပွင့်ကုမ္ပဏီလီမိတက်မှ တည်ဆောက်ထားသည့် ခနောက်စိမ်းသတ္တုဖုတ်သန့်စင်စက်ရုံကိုလည်း ပတ်ဝန်းကျင်ထိခိုက်မှု၊ ညစ်ညမ်းမှုနှင့် ကျန်းမာရေးအန္တရာယ်ဆိုင်ရာ ဆိုးကျိုးများရှိသည်ဟုဆိုပြီး စက်မှုဇုန်ကော်မတီ၊ မြို့နယ်ကော်မတီ ၃ ရပ်တို့၏ တင်ပြထားသဖြင့် စက်ရုံကို ပြည်နယ်အစိုးရက ရပ်တန့်ခိုင်းထားခဲ့ပြီးဖြစ်သည်။

၎င်းပြင် မြန်မာဆန်းဇော်ကုမ္ပဏီကလည်း မော်လမြိုင်စက်မှုဇုန်တွင် ခနောက်စိမ်းသတ္တုသန့်စင်စက်ရုံတည်ဆောက်ရန် အဆိုပြုထားခြင်းကိုလည်း မွန်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူး နှင့်ဦးဆောင်ပြီးအဖွဲ့တို့က ၂၀၁၄ ခုနှစ် ဧပြီလက စစ်ဆေးခဲ့သည်။

၎င်းတို့၏ စစ်ဆေးမှုအရ ထုတ်လုပ်မှုနည်းစဉ်များနှင့် ပတ်သက်၍ ကန့်ကွက်ရန်မရှိသော်လည်း သတ်မှတ်နည်းစဉ်များကို စက်ရုံမှ လိုက်နာမှု အားနည်းခြင်းကြောင့်သော်လည်းကောင်း သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုရှိလာနိုင်ခြင်း၊ အထူးသဖြင့် စက်ရုံ၏ အောက်ဘက် ၂ မိုင်ခန့်ရှိ မော်လမြိုင်မြို့ရေပေးရေးစက်ရုံ အတ္တရံ (၁)၊ အတ္ထရံ (၂) ကို ထိခိုက်မှုရှိလာနိုင်ပါကြောင်း သုံးသပ်အကြံပြုထားသည်။

မော်လမြိုင်စက်မှုဇုန်တွင် ခနောက်စိမ်းသန့်စင်စက်ရုံ ၆ ရုံခန့်ရှိသည်ဟု မွန်ပြည်နယ် သစ်တောနှင့် သတ္တုတွင်းဝန်ကြီးက ပြောသည်။