Toyo-Thai ကုမ္ပဏီ ပဋ္ပိပက္ခ ဖန်တီးနေဟု အံဒင်ဒေသခံများဆို

0
885

ကျောက်မီးသွေးစက်ရုံ လက်မခံကြောင်း အကြိမ်ကြိမ် ပြောဆိုပြီးဖြစ်သော်လည်း  ဆက်ဆောက်ရန် ကြိုးပမ်းနေခြင်းသည် ဒေသအတွင်း မလိုအားအပ်သော ပဋိပက္ခများ ဖန်တီးနေသကဲ့သို့ ဖြစ်ကြောင်း ရေးမြို့နယ်၊ အံဒင်ဒေသခံများက စက်ရုံဆောက်ရန် ကြိုးစားနေသော ထိုင်းကုမ္ပဏီ Toyo-Thai ကို စွပ်စွဲ
ပြောကြားလိုက်သည်။

ဒေသခံများနှင့် တွေ့ဆုံရာတွင် သတင်းအချက်အလက်များ ကြိုတင်မဖြန့်ဝေခြင်း၊
ဆွေးနွေးရန် အချိန်တိုတောင်းခြင်း၊ ဒီဇင်ဘာ ၂၇ ရက်နေ့ တွေ့ဆုံပွဲတွင်
အမှန်တကယ် သက်ရောက်ခံစားရမည့် ဒေသခံများကို ချန်လှပ်ထားပြီး မသက်ဆိုင်သော
အခြားဒေသခံများကို ခေါ်ယူခဲ့ခြင်း စသည့် ဌာနေတိုင်းရင်းသား အခွင့်အရေးကို
ပြောင်ပြောင်တင်းတင်းချိုးဖောက်သည့် လုပ်ရပ်များ လုပ်ဆောင်နေကြောင်း
အထက်ပါဒေသခံများက ကုမ္ပဏီထံ ဇန်န၀ါရီလ ၉ ရက်နေ့ ရက်စွဲဖြင့် ပေးပို့သော
စာတွင် ဖော်ပြထားသည်။

“ကျွန်မတို့ ဒေသမှာ လာဆောက်မယ့် ကျောက်မီးသွေးစက်ရုံစီမံကိန်းကိ
ကျွန်တော်တို့ဒေသခံတွေ မလိုလားကြဘူး ကန့်ကွက်ကြတယ်။ ကျွန်တော်တို့
အကြိမ်ကြိမ်ကန့်ကွက်နေတဲ့ကြားမှာ ကုမ္ပဏီဘက်က
စီမံကိန်းအကောင်အထည်ဖော်ဖို့အတွက် လူထုတွေ့ဆုံပွဲတွေလုပ်တယ်။ ပြီးတော့
မြေတွေလည်း တဆင့်ခံနဲ့ ဝယ်နေတယ် အဲလို အကြိမ်ကြိမ် ထပ်မံ
ကြိုးစားလာတာနေတာရှိတယ်။ အဲကြောင့်မို့ ဒီစီမံကိန်း ရပ်တန့်ပေးဖို့
ကျွန်တော်တို့ ကုမ္ပဏီကို စာတင်တယ်၊ ကုမ္ပဏီသာမကဘူး
သက်ဆိုင်ရာဌာနတွေအားလုံးကိုလည်း တင်တယ်” ဟု အံဒင်ရွာခံ မိနီမာဦးက
ပြောသည်။

ယင်းကြောင့် ထိုသို့သော လုပ်ရပ်များသည် နိုင်ငံတကာ လူ့အခွင့်အရေး
စံချိန်စံညွန်းကို လိုက်နာခြင်း ခြင်း မရှိဘဲ သိက္ခာမဲ့၍
ပွင့်လင်းမြင်သာမှု မရှိသော လုပ်ရပ်ဖြစ်ကြောင်း ဒေသခံများ ပေးပို့သော
စာတွင် ဖော်ပြထားသည်။

စီမံကိန်း ရပ်တန့်ရေး ကန့်ကွက်စာပေးပို့ထားပြီးနောက်ပိုင်း ကုမ္ပဏီဘက်က
ဆောင်ရွက်မှု ဆက်လက်လုပ်ဆောင်မှု ပြုလာပါက ဒေသခံတို့အနေဖြင့်
ဆက်လက်ကန့်ကွက်သွားမည်ဖြစ်ကြောင်းလည်း မိနီမာဦးက ပြောသည်။

ကျောက်မီးသွေးစက်ရုံစီမံကိန်းစီမံကိန်းကို ဒေသခံတို့က ကန့်ကွက်ကြောင်း
ကုမ္ပဏီထံ စာပို့ထားသည်နှင့် ပတ်သက်ပြီး ကုမ္ပဏီဘက်ကို
ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

စီမံကိန်းနှင့် ပတ်သက်၍ လူထုကို ပွင့်လင်းစွာ မတင်ပြခြင်း၊ အစိုးရမှ
ခွင့်ပြုထားခြင်းမရှိသော်လည်း စီမံကိန်းအတွက် မြေများဝယ်ယူရန် အလျင်စလို
ဆောင်ရွက်နေခြင်း၊ နယ်မြေခံ သံဃာတော်များနှင့် ဒေသခံများက စီမံကိန်း
လုံးဝအလိုမရှိခြင်း စသည်တို့ကြောင့် စီမံကိန်း ရပ်ဆိုင်းသင့်ကြောင်း
မွန်ပြည်နယ် လွှတ်တော် ဥပဒေ၊ အဆို၊ မေးခွန်းများ၊ ဒေသန္တရစီမံကိန်းများ
လေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး ၂၀၁၄ ခုနှစ် ဇွန်လ ၁၃
ရက်နေ့ တွင် မွန်ပြည်နယ် လွှတ်တော်သို့ တင်သွင်းသော အစီရင်ခံစာတွင်
ဖော်ပြထားသည်။