တနင်္သာရီတိုင်းတွင် ကလေး ၄ သိန်းကျော် ၀က်သက်နှင့် ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံမည်

0
877

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်မှ  ကလေး ၄ သိန်းကျော်ကို ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလအတွင်း ၀က်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများကို ထိုးနှံသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်စွာမျိုးက ပြောကြားသည်။

ပထမအဆင့်အနေဖြင့် စာသင်ကျောင်း ၁၀၀၈ ကျောင်းရှိ လူဦးရေ ၂၈၄၃၁၃ ဦးကို ဆေးထိုးအဖွဲ့ ၂၆၇ဖွဲ့က ထိုးနှံမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ရပ်ကွက်ကျေးရွာပေါင်း ၁၀၅၃ ရွာမှ လူဦးရေ ၁၁၄၁၁၈ ဦးကို ဆေးထိုးအဖွဲ့ ၂၇၄ဖွဲ့က ၀က်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါနှစ်မျိုးစပ် ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်း အထက်ပါ ဒုတိယညွန်ကြားရေးမှူးက ပြောသည်။

ထို့အပြင် ဝေးလံသည့် ဒေသရှိ ကျေးရွာပေါင်း ၉၈ရွာ၊ စာသင်ကျောင်း ၃၄ကျောင်းတို့မှ လူဦးရေ ၁၄၃၉၁ဦးကို ဆေးထိုး အဖွဲ့ ၃၆ဖွဲ့တို့က ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။

“ကျောင်းအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်နဲ့ ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့် အဆင့် ၂ ဆင့်ခွဲပြီး
ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆောင်ရွက်သွားမယ်”ဟု ဒေါက်တာကျော်စွာမျိုးက ဆိုသည်။

နိုင်ငံတစ်ဝန်း ၀က်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေးအစုလိုက် ထိုးနှံမည့်အစီအစဉ်ကို ၂၀၁၅ခုနှစ်
ဇန်န၀ါရီလ ၁၉ရက်မှ ၂၇ ရက်နေ့အထိ အသက် ၅နှစ်မှ ၁၅နှစ်ကလေးများကိုလည်းကောင်း၊၂၀၁၅ခုနှစ်ဖေဖေါ်ဝါရီလ ၁၉ရက်မှ ၂၈ ရက်နေ့အထိ အသက် ၉လမှ ၅နှစ်ကလေးများနှင့် ပထမအကြိမ်တွင် ဆေးထိုးရန် ကျန်သော ကလေးများအား ကာကွယ် ဆေးထိုးမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ခုနှစ်တွင်  ၀က်သက်ရောဂါ ကပ်အသွင် ၃၄ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၁၃ခုနှစ်တွင် ၁၈နှစ်မှ ၂၀ နှစ်ခန့် အသက်အုပ်စုများ၌ ၀က်သက်ရောဂါ ကပ်အသွင်ဖြစ်ပွားမှု ၁၅ ကြိမ်ဖြစ်ခဲ့ကာ နယ်စပ်ဒေသ၊ကာကွယ်ဆေးထိုးနှံမှု အားနည်းခဲ့သော ဒေသများ၌ ဖြစ်ပွားသေဆုံးမှုများရှိခဲ့သည်ဟု ကျန်းမာရေးဌာနမှတ်တမ်းအရသိရသည်။