ကမ်းဝေးငါးဖမ်းလှေ ကမ်းနီးဖမ်း နှစ်ကြိမ်မိက ပြည်သူ့ဘဏ္ဍာသိမ်းဆည်းမည်

0
892

ကမ်းဝေးငါးဖမ်းလှေများ ကမ်းနီးရေပြင်သို့ ဝင်ရောက်ဖမ်းဆီးသည်ကို နှစ်ကြိမ်ဆက်တိုက် ကျူးလွန်ပါက ယင်းရေယာဉ်များကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းအရေးယူလျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဒေါက်တာဝင်းအောင်က ပြောကြားသည်။

ပင်လယ်ကမ်းနီးငါးဖမ်းဧရိယာများအတွင်းသို့ တရားမဝင်ကျူးကျော်ဝင်ရောက် ပိုက်ဆွဲခြင်း၊ ဒရွတ်တိုက်ဆွဲငါးဖမ်းခြင်းအပါအဝင် ရေသယံဇာတ ပျက်စီးမှု ဆိုင်ရာပြဿနာများကို ဥပဒေနှင့်အညီဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိ သိရှိလိုကြောင်း ပြည်ခိုင်ဖြိုးပါတီက ပြီးခဲ့သည့် အပတ်က  ပြုလုပ်သည့် တောင်သူလယ်သမားရေးရာလူထု တွေ့ဆုံပွဲတွင် ကော့သောင်းမြို့မှ ကိုယ်စားလှယ်က မေးမြန်းရာ ဝန်ကြီးက ယင်းသို့ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

ကမ်းနီးဝါဖမ်းသည့် ကမ်းဝေးလှေများကို ဖမ်းဆီးရမိပါက ယခင်က စည်းပျက်ဒဏ်အဖြစ် ငွေဒဏ် ကျပ် ၂၀သိန်းနှင့် ငါးဖမ်းဆီး ခွင့်သုံးလ ပိတ် အရေးယူခဲ့သော်လည်း လက်ရှိတွင် ငွေဒဏ် ကျပ် သိန်း၃၀၊ ငါးဖမ်းဆီးခွင့် တစ်နှစ်ပိတ်ခြင်းနင့် နှစ်ကြိမ်ဆက် ကျူးလွန်သော လှေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းသည်အထိ တိုးမြှင့်အရေးယူလျက်ရှိကြောင်း ဝန်ကြီးက ပြောဆိုသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ကမ်းဝေးလှေများ ကမ်းနီးဖမ်းသည့် ပြဿနာသည် နှစ်ရှည်လများဖြစ်နေသည့် ပြဿနာဖြစ်သော်လည်း လက်ရှိအချိန်အထိ ထိထိရောက်ရောက် မကိုင်တွယ်နိုင်သေးပေ။

“ဝါလတ်တစ်စီး ကမ်းခြေနားမှာ နေ့ပိုင်းဝင်လာဆွဲတာ တွေ့နေရတယ်၊ ဝါလတ်တွေ နေ့ရောညပါ ဝင်ဆွဲနေတာပဲ၊ အရင်ကနဲ့စာရင် ကမ်းနီးကို ဝါလတ်ဝင်ဆွဲတာ နည်းသွားတယ်”ဟု တီဇစ်ကျေးရွာသား တစ်ဦးက ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ကမ်းဝေးငါးဖမ်းလှေ ၁၂၇၉ စီးရှိပြီး ကမ်းနီးငါးဖမ်းလှေ ၁၁၆၈၁ စီးရှိသည်ဟု တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန မှတ်တမ်းအရ သိရသည်။

DSCF2205 DSCF2225